မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးဆိုင်ရာနည်းဥပဒေများ
အမိန့်ကြော်ငြာစာအမှတ် ၁၆ / ၂၀၁၅
၁၃၇၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်
(၂၀၁၅ ခုနှစ်၊ မေလ ၁၄ ရက်)
အခန်း(၁)
အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်
၁။ ဤနည်းဥပဒေများကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေး ဆိုင်ရာ နည်းဥပဒေများ ဟုခေါ်တွင်စေရမည်။
၂။ ဤနည်းဥပဒေများတွင်ပါရှိသော စကားရပ်များသည် ၂၀၁၄ခုနှစ်၊ မန္တလေးမြို့တော်စည်ပင် သာယာရေးဥပဒေတွင်ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။ ထို့အပြင် အောက်ပါစကားရပ်များ သည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-
(က) မြေခွန်၊ မြေငှားရမ်းခ ဆိုသည်မှာ ဤနည်းဥပဒေများအရ စည်းကြပ်ကောက်ခံသော မြေခွန်နှင့် မြေငှားရမ်းခတို့ကိုဆိုသည်။
(ခ) မြေငှားစာချုပ် ဆိုသည်မှာ ကော်မတီကသတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ နှစ်တို နှစ်ရှည်ကာလသတ်မှတ်၍ အငှားချထားသည့်စာချုပ်ကိုဆိုသည်။
(ဂ) လိုင်စင် ဆိုသည်မှာ မြေနှင့်စပ်လျဉ်း၍ ကော်မတီကသတ်မှတ်သည့် စည်းကမ်းချက်များ နှင့်အညီ မြေကိုယာယီအသုံးပြုခွင့်ပေးခြင်းကိုဆိုသည်။
(ဃ) ပါမစ် ဆိုသည်မှာ မြေနှင့်စပ်လျဉ်း၍ ကော်မတီကသတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ လူနေအိမ် သို့မဟုတ် အဆောက်အအုံဆောက်လုပ်နေထိုင်ခွင့်ပြုခြင်းကို ဆိုသည်။
(င) ဘိုးဘပိုင်မြေ ဆိုသည်မှာ ဘိုးဘွားမိဘလက်ထက်ကပင် ဓားမဦးချပိုင်ဆိုင်လာ၍ လွှဲပြောင်းဆက်ခံ ခွင့်ရှိသော မစိုက်ပျိုးသည့်မြေကိုဆိုသည်။
(စ) မြေငှားဂရန်မြေ ဆိုသည်မှာ ကော်မတီကစည်းကမ်းချက်များ သတ်မှတ်ပြီး နှစ်တိုနှစ်ရှည်ကာလ သတ်မှတ်၍ မြေငှားစာချုပ်ဖြင့် အငှားချထားသည့် မြေကိုဆိုသည်။
(ဆ) ကျူးကျော်မြေ ဆိုသည်မှာ ကော်မတီပိုင်မြေနှင့် ကော်မတီကစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေပေါ်တွင် ခွင့်ပြုချက် တစ်စုံတရာမရရှိဘဲ ဝင်ရောက်ကျူးကျော်နေထိုင်သောမြေကိုဆိုသည်။
(ဇ) အခွန်လွတ်သာသနာ့မြေ ဆိုသည်မှာ မူလကနဦးပိုင်မြေ သို့မဟုတ် ဘိုးဘပိုင်မြေကို ဥပဒေနှင့်အညီ ရရှိသောပုဂ္ဂိုလ်က ဘာသာ၊ သာသနာအကျိုးသုံးစွဲရန်အတွက် လျှောက်ထားသဖြင့် တည်ဆဲဥပဒေနှင့် အညီ ခွင့်ပြုထုတ်ပေးထားသောမြေကိုဆိုသည်။
(ဈ) အခွန်လွတ်သာသနာ့မြေဂရန် ဆိုသည်မှာ တည်ဆဲဥပဒေနှင့်အညီ ဘာသာ၊ သာသနာကိစ္စအလို့ငှာ မြေယာအပိုင်ပတ္တာစာချုပ်ဖြင့် သတ်မှတ်ထုတ်ပေးသည့် လက်မှတ်ကိုဆိုသည်။
အခန်း (၂)
(ည) အခွန်လွတ်ဗဒ္ဓသိမ်မြေ ဆိုသည်မှာ သာသနာမြေအတွင်း ဘာသာ၊ သာသနာမြေကိစ္စ အတွက်အသုံးပြုရန်အလို့ငှာ လူပုဂ္ဂိုလ်ကသာ လျှောက်ထားခွင့်ရှိသည့်မြေကို ဆိုသည်။
(ဋ) အခွန်လွတ်ဗဒ္ဓသိမ်မြေဂရန် ဆိုသည်မှာ တည်ဆဲဥပဒေနှင့်အညီ ဝိသုံဂါမသိမ်အဖြစ် အသုံးပြုရန် အသီးအခြားမြေပေးအမိန့်ဖြင့် သတ်မှတ်ထုတ်ပေးလိုက်သည့် လက်မှတ်ကိုဆိုသည်။
(ဌ) မြို့ကွက်မြေပုံ ဆိုသည်မှာ အခြေခံအင်ဂျင်နီယာပိုင်းဆိုင်ရာများဖြင့် စနစ်တကျရေးဆွဲ ပြီး မြို့ပြစီမံကိန်းနှင့်အညီ မြို့ကွက်ရိုက်ဖော်ထုတ်ထားသည့် အခြေပြမြေပုံကိုဆိုသည်။
(ဍ) ဌာနဆိုသည်မှာ ဤနည်းဥပဒေများပါ ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် ကော်မတီက သတ်မှတ် တာဝန်ပေးအပ်သည့်သက်ဆိုင်ရာဌာနကိုဆိုသည်။
(ဎ) ကော်လိတ္တော်အရာရှိ၊ လက်ထောက်ကော်လိတ္တော်အရာရှိဆိုသည်မှာ ကော်မတီက ဤနည်းဥပဒေပါ ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် ခန့်အပ်တာဝန်ပေးအပ်ထားသည့် အရာရှိကိုဆိုသည်။
မြေများကို စီမံခန့်ခွဲခြင်း
၃။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ အောက်ဖော်ပြပါမြေများမှအပ ကော်မတီပိုင်မြေများ၊ ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေများ၊ တည်ဆဲဥပဒေနှင့်အညီ သိမ်းယူထားသောမြေများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ လွှဲပြောင်းရယူထားသောမြေများ၊ ပုဂ္ဂလိကပိုင်မြေများနှင့် မြေငှားစာချုပ် ဖြင့်ဖြစ်စေ၊ လိုင်စင်ဖြင့်ဖြစ်စေ၊ ပါမစ်ဖြင့်ဖြစ်စေ ပုဂ္ဂလိကအား နေထိုင်အသုံးပြုခွင့်ပေးထားသော မြေများကို မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲပိုင်ခွင့်ရှိသည်-
(က) နိုင်ငံတော်ပိုင်မြေ၊
(ခ) အစိုးရဌာန၊ အဖွဲ့အစည်းပိုင်မြေ၊
(ဂ) အခွန်လွတ်သာသနာမြေနှင့် အခွန်လွတ်ဗဒ္ဓသိမ်မြေ၊
(ဃ) လယ်ယာမြေနှင့်မြေလွတ်မြေရိုင်း၊
(င) စားကျက်မြေ။
၄။ အရန်မြေများကို အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့တင်ပြ၍ အနာဂတ်စီမံကိန်းများနှင့် အညီ စီမံခန့်ခွဲနိုင်သည်။
၅။ ကော်မတီသည် နည်းဥပဒေ ၃ အရ စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေများကို အောက်ပါအတိုင်း စီမံခန့်ခွဲ ပိုင်ခွင့်ရှိသည်-
(က) မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲရေးနှင့်အညီ မြေအသုံးချခြင်းနှင့်စပ်လျဉ်း၍ စီမံချက်ချမှတ် ဆောင်ရွက် ခြင်း၊
(ခ) တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲရေးနှင့်အညီ မြို့ကွက်များဖော်ထုတ်၍ မြို့သစ်များတည်ထောင်ခြင်း၊ မြို့မြေစာရင်းများ မြို့နယ်၊ ရပ်ကွက်၊ မြို့ကွက်မြေပုံများ ပြုစုထိန်းသိမ်းခြင်း၊ မြေအသုံးချမှုဇုန်အလိုက် မြို့မြေအသုံးချမြေပုံများ ပြုစုထိန်းသိမ်းခြင်း၊
(ဂ) မြေငှားစာချုပ်များ၊ လိုင်စင်များနှင့် ပါမစ်များထုတ်ပေးခြင်းနှင့် နေထိုင်အသုံးပြုခွင့်ပေးခြင်း၊
(ဃ) မြေငှားစာချုပ်များ၊ လိုင်စင်များနှင့် ပါမစ်များကိုသက်တမ်းသတ်မှတ်ခြင်း၊ သက်တမ်းတိုးမြှင့် ပေးခြင်း၊ စည်းကမ်းဖောက်ဖျက်ပါက ဖျက်သိမ်းခြင်း၊
(င) မြေများကိုလဲလှယ်ခြင်း၊ မြေပိုင်ဆိုင်ခွင့်အမည်လွှဲပြောင်းခြင်း၊ မြေတိုင်းတာခြင်း၊ ခွဲစိတ်ခွင့်ပြုခြင်း၊ သက်သေခံမြေပုံ၊ မြေရာဇဝင်ထုတ်ပေးခြင်း၊ မြေတန်ဖိုးဖြတ်ခြင်းနှင့် အခြားနည်းဖြင့် စီမံခန့်ခွဲခြင်း၊
(စ) မြေခွန်၊ မြေငှားရမ်းခစည်းကြပ်ခြင်း၊ ကောက်ခံခြင်း၊ ကြွေးကျန်ကောက်ခံခြင်း၊ မြေခွန်၊ မြေငှားရမ်းခကင်းလွတ်ခွင့်ပြုခြင်း၊ သက်သာခွင့်ပြုခြင်း၊ ပြန်လည်သတ်မှတ်စည်းကြပ်ခြင်း၊ စာရင်းမှပယ်ဖျက်ခြင်းနှင့် မြေခွန်၊ မြေငှားရမ်းခပိုငွေပြန်အမ်းခြင်း၊
(ဆ) တရားမဝင်ကျူးကျော်ခြင်းမပြုနိုင်ရန် တားမြစ်ခြင်းနှင့် တရားမဝင်ကျူးကျော်သည့် အဆောက် အအုံများ၊ တရားမဝင်ကျူးကျော်သူများကို ဖယ်ရှားခြင်း၊ တရားစွဲဆိုခြင်း၊
(ဇ) ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေပုဒ်မ ၃(က)ပါပြဋ္ဌာန်းချက်အရ ]]လယ်ယာမြေ}} ဟူသော စကားရပ်တွင် အကျုံးမဝင်သောလယ်ယာမြေများအား အစိုးရအဖွဲ့သို့တင်ပြပြီး အစိုးရမြေအဖြစ် သတ်မှတ်ခြင်း၊
(ဈ) မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲရေး အကောင်အထည်ဖော်ရာတွင် မလွတ်ကင်းသော ပုဂ္ဂလိကပိုင်မြေမှ အဆောက်အအုံကို နိုင်ငံသား၏ တရားဝင်ရရှိပိုင်ဆိုင်ထားသော ပိုင်ဆိုင်မှုကိုထိခိုက်ဆုံးရှုံးမှုမရှိစေဘဲ စီမံဆောင်ရွက်ခြင်း၊
အခန်း (၃)
(ည) သက်ဆိုင်ရာဝန်ကြီးဌာနက မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲရေးနှင့်အညီ တည်ထောင်ပြီးသော မြို့သစ် များ၊ စီမံကိန်းဇုန်များ၊ အိမ်ရာစီမံကိန်းများကို အစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် လွှဲပြောင်းရယူပြီး ဤနည်းဥပဒေများနှင့်အညီ စီမံခန့်ခွဲခြင်း၊
(ဋ) လူနေရပ်ကွက်များ၊ မြို့တွင်းမြို့ပြင်ရှိအဆောက်အအုံများ၊ စက်ရုံအလုပ်ရုံများ၊ ဌာနဆိုင်ရာ အဆောက်အအုံများ မီးလောင်ပျက်စီးသွားပါက ယင်းမီးလောင်မြေများကို မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးနှင့် လိုက်လျောညီထွေမှုရှိစေရန် စနစ်တကျစီမံခန့်ခွဲခြင်း၊ ယင်းကဲ့သို့စီမံခန့်ခွဲနိုင်ရန် ဥပဒေနှင့်အညီသက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ညှိနှိုင်း ဆောင်ရွက်ခြင်း၊
(ဌ) မြစ်၊ ချောင်းကမ်းပါးပြိုခြင်း၊ ရေတိုက်စားခြင်းစသည့် သဘာဝဘေးအန္တရာယ်တစ်ခုခုကြောင့် ပျက်စီးသွား၍ ပေါ်ပေါက်လာသောမြေများကို စီမံခန့်ခွဲခြင်း၊
(ဍ) ပိတ်သိမ်းပြီးဖြစ်သည့် သုသာန်မြေများကို မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲရေးနှင့်အညီ စီမံခန့်ခွဲခြင်း၊
(ဎ) မြို့ပြစီမံကိန်းနှင့်အညီလိုအပ်ပါက မြေအမျိုးအစားနှင့် မြေအသုံးချမှုများကို ပြုပြင်ပြောင်းလဲ သတ်မှတ်ခြင်း။
၆။ ကော်မတီသည် -
(က) နည်းဥပဒေ ၃၇၊ ၃၈ နှင့်အညီ အများပြည်သူအကျိုးအတွက် တည်ဆဲဥပဒေများနှင့် အညီလျော်ကြေးပေး၍ သိမ်းယူထားသော သို့မဟုတ် ကာလတန်ဖိုးညှိ၍ ဝယ်ယူထားသော မြေနှင့်အဆောက်အအုံများကို မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲရေးတို့အရ လိုအပ်သလိုစီမံခန့်ခွဲနိုင် သည်။
(ခ) နည်းဥပဒေ ၃၉၊ ၄၀၊ ၄၁ နှင့် ၄၂ တို့နှင့်အညီ လွှဲပြောင်းရယူထားသောမြေများကို မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲရေးနှင့်အညီ လိုအပ်သလို စီမံခန့်ခွဲနိုင်သည်။
၇။ ကော်မတီသည် နည်းဥပဒေ ၅ နှင့် ၆ တို့အရ မြေများစီမံခန့်ခွဲပိုင်ခွင့်ကို သတ်မှတ်ချက်များနှင့် အညီဆောင်ရွက်ရန် ရုံးအကြီးအမှူးနှင့် ဌာနမှူးတို့အား လွှဲအပ်တာဝန်ပေးနိုင်သည်။
၈။ ကော်မတီသည် ဤနည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ မြေစီမံခန့်ခွဲမှုနှင့် မြေခွန် မြေခ အရပ်ရပ်ကောက်ခံမှုဆိုင်ရာ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန် ကော်လိတ္တော်အရာရှိ၊ လက်ထောက် ကော်လိတ္တော်အရာရှိနှင့် သင့်လျော်သည့်ဝန်ထမ်းအားတာဝန်ပေးအပ်၍ ဆောင်ရွက် စေနိုင်သည်။
၉။ ကော်မတီသည် နည်းဥပဒေ ၃၆ အရ မြေငှားရမ်းသည့်ကိစ္စရပ်များတွင် ပဋိညာဉ်စာချုပ်ပါ သက်တမ်းကုန်ဆုံးလျှင်ဖြစ်စေ၊ ပဋိညာဉ်စာချုပ်ပါ စည်းကမ်းနှင့်ညီညွတ်မှုမရှိ၍ရပ်စဲလျှင်ဖြစ်စေ၊ ပြန်လည်အပ်နှံလျှင်ဖြစ်စေ၊ မြေနှင့်မြေပေါ်ရှိအဆောက်အဦများ၊ လုပ်ငန်းများကို လွှဲပြောင်းလက်ခံ ခြင်း၊ စီမံခန့်ခွဲခြင်းပြုနိုင်သည်။
မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲရေးဆိုင်ရာစီမံကိန်းများရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်း
၁၀။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွက်ဖြစ်စေ၊ တိုးချဲ့ရန်ရည်ရွယ်သည့် နယ်မြေ အတွက် ဖြစ်စေ၊ ရေးဆွဲထားသော မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲရေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့သို့တင်ပြ၍ အတည်ပြုချက် ရယူရမည်။
၁၁။ ကော်မတီသည် မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲရေးနှင့်အညီ မြို့တော်၏မြို့ပြဖွံ့ဖြိုးမှု စီမံကိန်း တစ်ရပ်ကို အသေးစိတ်ရေးဆွဲအကောင်အထည်ဖော်ခြင်း၊ ပြန်လည်သုံးသပ်၍ ပြုပြင်ပြောင်းလဲခြင်းများ ပြုလုပ်နိုင်သည်။
၁၂။ ကော်မတီသည် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲ ရေးတို့အရ မြို့ကွက်များဖော်ထုတ်၍ မြို့သစ်များတည်ထောင်နိုင်သည်။
၁၃။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ မြို့ပြအင်္ဂါရပ်နှင့်ညီညွတ်ခြင်းမရှိသော ရပ်ကွက် များ၊ ကျေးရွာများနှင့်နေရာများကို စနစ်တကျမြို့ကွက်ရိုက်ခြင်း၊ ပြန်လည်နေရာချထားခြင်းတို့ကို ပြုလုပ်နိုင် သည်။
၁၄။ ကော်မတီသည် ကျူးကျော်ရပ်ကွက်များအား ဥပဒေနှင့်အညီ ဖျက်သိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်းများ ပြုလုပ်နိုင်သည်။
၁၅။ ကော်မတီသည် မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲရေးဆိုင်ရာစီမံကိန်းရေးဆွဲခြင်း၊ အကောင်အထည် ဖော်ခြင်းတို့အတွက် ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်သည်။
အခန်း (၄)
မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲရေးတို့အရ မြေအသုံးချခြင်း
၁၆။ ကော်မတီသည် အစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် မြေအသုံးချမှုဆိုင်ရာမူဝါဒများရေးဆွဲခြင်းနှင့် မြေအသုံးချခြင်းဆိုင်ရာ စီမံချက်များရေးဆွဲခြင်းတို့ကို ပြုလုပ်နိုင်သည်။
၁၇။ ကော်မတီသည် မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲရေးတို့အရ အောက်ပါမြေအသုံးချမှုဇုန်များ သတ်မှတ် ခြင်းနှင့် ပြုပြင်ပြောင်းလဲခြင်းတို့ကို ပြုလုပ်နိုင်သည်-
(က) အိမ်ရာမဲ့များနှင့်အခြေခံလူတန်းစားများအတွက် မြို့သစ်ဇုန်၊
(ခ) အသေးစား၊ အလတ်စားစက်မှုဇုန်၊
(ဂ) စီးပွားရေးအချက်အချာဇုန်၊
(ဃ) အဆင့်မြင့်လူနေမြို့သစ်ဇုန်၊
(င) အပြည်ပြည်ဆိုင်ရာစီးပွားကုန်သွယ်ရေးဇုန်၊
(စ) အပန်းဖြေပန်းခြံနှင့်ကစားကွင်းဇုန်၊
(ဆ) အမျိုးသားယဉ်ကျေးမှုပန်းခြံဇုန်၊
(ဇ) ဟိုတယ်၊ လူနေအိမ်အဆောက်အဦများ ဆောက်လုပ်ရန်ဇုန်၊
(ဈ) ပြည်ပပို့ကုန်စီမံခန့်ခွဲမှုဇုန်၊
(ည) စွမ်းအင်ဇုန်။
၁၈။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း အစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုခုကသော် လည်းကောင်း၊ ပုဂ္ဂလိက ကသော်လည်းကောင်း၊ မြို့ပြဆိုင်ရာဖွံ့ဖြိုးမှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကော်မတီကရေးဆွဲထားသည့် မြို့တော်၏ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲရေးတို့အရ လိုက်လျောညီထွေမှု ရှိမရှိစိစစ်ရမည်။
၁၉။ အစိုးရဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂလိကသည် မြို့တော်နယ်နိမိတ်အတွင်း မြေအသုံးချ လိုပါက ကော်မတီနှင့်ကြိုတင်ညှိနှိုင်းဆောင်ရွက်ရမည်။
၂၀။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းစီမံကိန်းဇုန်များကို မြို့တော်၏ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးတို့အရ ရေးဆွဲသတ်မှတ်နိုင်သည်။
၂၁။ ကော်မတီသည် သတ်မှတ်ထားသောဇုန်အလိုက် မြေအသုံးချမှုလိုက်လျောညီထွေမှုရှိမရှိ စိစစ်၍ လိုက်နာမှုမရှိက ဥပဒေနှင့်အညီတားမြစ်အရေးယူနိုင်သည်။
၂၂။ ကော်မတီသည် မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲရေးတို့အရ မြေအသုံးချခြင်းဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ပေးနိုင်သည်။
မြေငှားစာချုပ်များ၊ လိုင်စင်များနှင့် ပါမစ်များကိုထုတ်ပေးခြင်း၊ သက်တမ်းတိုးမြှင့်ပေးခြင်းနှင့် ဖျက်သိမ်းခြင်း
၂၃။ ကော်မတီသည် လူနေအဆောက်အအုံများဆောက်လုပ်ရန်၊ စက်မှုလုပ်ငန်းများလုပ်ကိုင်ရန်၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများလုပ်ကိုင်ရန်နှင့် အခြားလုပ်ငန်းများဆောင်ရွက်ရန်၊ မြေငှားစာချုပ်များ၊ လိုင်စင်များနှင့်ပါမစ်များကိုထုတ်ပေးနိုင်သည်။
၂၄။ ကော်မတီသည် မြေငှားစာချုပ်များ၊ လိုင်စင်များနှင့်ပါမစ်များကို ထုတ်ပေးရာတွင် မြေအသုံးချမှု မူဝါဒနှင့် မြေအသုံးချခြင်းဆိုင်ရာစီမံချက်များကို ထိခိုက်နိုင်သည့်ကိစ္စရပ်များမှအပ လိုအပ်သော အချက် အလက်များကို လျော့ပေါ့သတ်မှတ်၍ ထုတ်ပေးနိုင်သည်။
အခန်း (၅)
၂၅။ ကော်မတီသည် မိမိကစီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေကို လေလံစနစ်ဖြင့်ဖြစ်စေ၊ တင်ဒါစနစ်ဖြင့် ဖြစ်စေ၊ အခြားသင့်လျော်သောနည်းဖြင့်ဖြစ်စေ မြေငှားရမ်းခွင့်ရရှိသည့်ပုဂ္ဂိုလ်အား မြေငှားစာချုပ်ကို ချုပ်ဆိုပေးနိုင်သည်။
၂၆။ ကော်မတီသည် မြေငှားစာချုပ်များ၊ လိုင်စင်များနှင့်ပါမစ်များ၏သက်တမ်းကို သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်းနှင့် သက်တမ်းတိုးမြှင့်ပေးခြင်းတို့ကိုပြုလုပ်နိုင်သည်။
၂၇။ (က) ကော်မတီသည် မြေငှားစာချုပ်စည်းကမ်းများ၊ လိုင်စင်စည်းကမ်းများနှင့် ပါမစ် စည်းကမ်းများကို သတ်မှတ်နိုင်သည်။
(ခ) နည်းဥပဒေခွဲ(က)အရ သတ်မှတ်ထားသောစည်းကမ်းတစ်ရပ်ရပ်ကို ဖောက်ဖျက်ပါက မြေငှားစာချုပ်၊ လိုင်စင် သို့မဟုတ် ပါမစ်ကိုဖျက်သိမ်း၍ လိုအပ်သလိုစီမံခန့်ခွဲနိုင်သည်။ ယင်းသို့ဖျက်သိမ်းခြင်းခံရပါက ပေးသွင်းထားသောငွေကိုပြန်လည်တောင်းခံ ပိုင်ခွင့်မရှိ စေရ။
၂၈။ ကော်မတီသည် သာသနာရေးဆိုင်ရာကိစ္စရပ်များအတွက် အခွန်လွတ်သာသနာ့မြေဂရန်နှင့် အခွန်လွတ်ဗဒ္ဓသိမ်မြေဂရန်များကို သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့်ထုတ်ပေးနိုင်သည်။
၂၉။ ကော်မတီသည် မြေငှားစာချုပ်များ၊ လိုင်စင်များနှင့် ပါမစ်များထုတ်ပေးရန် ကိစ္စနှင့်စပ်လျဉ်း ၍လိုအပ်ပါက သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်နိုင်သည်။
၃၀။ မြေငှားစာချုပ်များ၊ လိုင်စင်များနှင့်ပါမစ်များကိုထုတ်ပေးရာတွင် သတ်မှတ်သည့်ကာလ အတွင်းမြေငှားစာချုပ်၊ လိုင်စင် သို့မဟုတ် ပါမစ်ရရှိသည့် ပုဂ္ဂိုလ်၊ အစိုးရဌာန၊ အဖွဲ့အစည်းက ငွေပေးသွင်းရန်ပျက်ကွက်ပါက ကော်မတီသည် မြေငှားစာချုပ်၊ လိုင်စင် သို့မဟုတ် ပါမစ်ချထားခြင်းကို ဖျက်သိမ်းနိုင်သည်။
မြေခွန်၊ မြေငှားရမ်းခစည်းကြပ်ခြင်း၊ ကောက်ခံခြင်း၊ ကင်းလွတ်ခွင့်ပြုခြင်းနှင့် သက်သာခွင့်ပြုခြင်း
၃၁။ ကော်မတီသည် နည်းဥပဒေ ၃ အရ စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများ၏ မြေခွန်၊ မြေငှား ရမ်းခများကို တည်ဆဲဥပဒေများနှင့်အညီ စည်းကြပ်ကောက်ခံရမည်။
၃၂။ ကော်မတီသည် စည်းကြပ်ကောက်ခံသည့် မြေခွန်၊ မြေငှားရမ်းခအမျိုးအစားနှင့် နှုန်းထားများကို အခါအားလျော်စွာ သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်းနှင့် ပြောင်းလဲခြင်းတို့ကို ပြုလုပ်နိုင်သည်။
၃၃။ ကော်မတီသည် ရရန်ရှိသောမြေခွန်၊ မြေငှားရမ်းခ၊ ကြွေးကျန်များကို မြေခွန်မပြေ ကျန်ငွေ ဖြစ်ဘိသကဲ့သို့ အရကောက်ခံနိုင်သည်။
၃၄။ မြို့တော်နယ်နိမိတ်အတွင်း လွှဲပြောင်းသည့်မရွှေ့မပြောင်းနိုင်သော ပစ္စည်းတန်ဖိုးအပေါ်တွင် မြန်မာနိုင်ငံတံဆိပ်ခေါင်းခွန် အက်ဥပဒေအရ ရရှိသည့်ငွေ၏ ၂ % ကို ကော်မတီသည် ဘဏ္ဍာရေး ဝန်ကြီးဌာနထံမှ တောင်းခံရယူခွင့်ရှိသည်။
၃၅။ ကော်မတီသည် မြေငှားစာချုပ်၊ လိုင်စင် သို့မဟုတ် ပါမစ်အတွက် ရရန်ရှိသည့်မြေခွန်၊ မြေငှားရမ်းခများကို လုံလောက်သောအကြောင်းရှိပါက ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် ပြုနိုင်သည်။
အခန်း (၆)
ပြည်တွင်း၊ပြည်ပရင်းနှီးမြုပ်နှံမှုများအတွက် မြေငှားရမ်းခြင်း
၃၆။ ကော်မတီသည် ကော်မတီပိုင်မြေများ၊ ကော်မတီကစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများ၊ အရန် မြေများ၊ တည်ဆဲဥပဒေနှင့်အညီ သိမ်းယူထားသောမြေများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ လွှဲပြောင်းရယူထား သော မြေများကို-
(က) ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ရန်အလို့ငှာ နိုင်ငံသားများ၊ နိုင်ငံသားများဖြင့်သာ ဖွဲ့စည်းထား သောစီးပွားရေးအဖွဲ့အစည်းများအား မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ သဘောတူညီချက်ဖြင့် ငှားရမ်းနိုင်သည်။
(ခ) ပြည်ပရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ရန်အလို့ငှာ နိုင်ငံခြားသားများ၊ နိုင်ငံခြားသားများ ပါဝင်ဖွဲ့စည်း ထားသော စီးပွားရေးအဖွဲ့အစည်းများအား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ သဘော တူညီချက်ဖြင့် ငှားရမ်းနိုင်သည်။
မြေသိမ်းယူခြင်း၊ မြေဝယ်ယူခြင်းနှင့် မြေလွှဲပြောင်းရယူခြင်း
၃၇။ ကော်မတီသည် မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲရေးအကောင်အထည်ဖော်ရာတွင် မလွတ်ကင်း သောပုဂ္ဂလိကပိုင်မြေနှင့် အဆောက်အအုံများကို အများပြည်သူအကျိုးအတွက် တည်ဆဲဥပဒေများနှင့် အညီ လျော်ကြေးပေး၍ မြေသိမ်းယူခြင်း သို့မဟုတ် ကာလတန်ဖိုးဖြင့်ညှိနှိုင်း၍ဝယ်ယူခြင်းပြုနိုင် သည်။
၃၈။ ကော်မတီသည် မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲရေးအကောင်အထည်ဖော်ရာတွင် ပုဂ္ဂလိကပိုင် မြေကိုအများပြည်သူအကျိုးအတွက် လွှဲပြောင်းရယူရန်လိုအပ်ပါက မြေသိမ်းယူခြင်းနှင့်စပ်လျဉ်း၍ လုပ်ပိုင်ခွင့် အပ်နှင်းထားခြင်းခံရသော သက်ဆိုင်ရာဝန်ကြီးဌာနက တည်ဆဲဥပဒေများနှင့်အညီ မြေသိမ်းယူရေးနှင့် သိမ်းယူပြီးသောမြေကို လွှဲပြောင်းရယူရေးတို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက် နိုင်သည်။
၃၉။ ကော်မတီသည် သက်ဆိုင်ရာဝန်ကြီးဌာနက မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲရေးတို့အရ တည် ထောင်ပြီးသော မြို့သစ်များ၊ စီမံကိန်းဇုန်များ၊ အိမ်ရာစီမံကိန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ လွှဲပြောင်းရယူနိုင်သည်။
၄၀။ ကော်မတီသည် မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲရေးအကောင်အထည်ဖော်ရာတွင် အစိုးရဌာန၊ အဖွဲ့အစည်း ပိုင်မြေကို လွှဲပြောင်းရယူရန်လိုအပ်ပါက သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းနှင့်ညှိနှိုင်းပြီး လွှဲပြောင်းရယူနိုင်သည်။
၄၁။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ ပယ်ဖျက်ပြီးသည့် စားကျက်မြေများကို သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းနှင့် ညှိနှိုင်းပြီးလွှဲပြောင်းရယူနိုင်သည်။
အခန်း (၇)
မရွှေ့မပြောင်းနိုင်သောပစ္စည်းများကို စီမံခန့်ခွဲခြင်း
၄၂။ ကော်မတီသည် မြေငှားစာချုပ်ဖြင့်ဖြစ်စေ၊ လိုင်စင်ဖြင့်ဖြစ်စေ၊ ပါမစ်ဖြင့်ဖြစ်စေ၊ ပုဂ္ဂလိကအား နေထိုင်အသုံးပြုခွင့်ပေးထားသောမြေနှင့်မြေပေါ်ရှိ မရွှေ့မပြောင်းနိုင်သောပစ္စည်းများမှအပ မိမိ စီမံခန့်ခွဲပိုင်ခွင့် ရှိသည့် မြေနှင့်မြေပေါ်ရှိ မရွှေ့မပြောင်းနိုင်သောပစ္စည်းများကို ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ အခြား တစ်နည်းနည်းဖြင့်လွှဲပြောင်းခြင်းပြုလုပ်နိုင်သည်။
၄၃။ ကော်မတီသည် ဤနည်းဥပဒေများ အခန်း(၈)ပါပြဋ္ဌာန်းချက်များနှင့်အညီ သိမ်းယူထားသော မြေများ၊ ဝယ်ယူထားသောမြေများနှင့် လွှဲပြောင်းရယူထားသောမြေများကို ဤနည်းဥပဒေများနှင့်အညီ စီမံခန့်ခွဲခွင့်ရှိသည်။
မှတ်တမ်းများ၊ ပုံစံများသတ်မှတ်ခြင်း၊ ထိန်းသိမ်းထားရှိခြင်းနှင့် မိတ္တူကူးယူခြင်း
၄၄။ ကော်မတီသည် မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲရေးနှင့် မြို့တော်၏မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းများ မြေစီမံ ခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍-
(က) ကွန်ပျူတာမှတ်တမ်းများထားရှိရမည်။
(ခ) မြေနှင့်ပတ်သက်သည့် သတင်းအချက်အလက်ခေတ်မီနည်းစနစ်များဖြင့် အစားထိုး ထူထောင်ရမည်။
(ဂ) လိုအပ်သည့်မှတ်တမ်းများ၊ စာအုပ်စာတမ်းများ၊ စာရင်းဇယားများ၊ ပုံစံများကို သတ်မှတ်ထား ရှိရမည်။
(ဃ) ကွန်ပျူတာမှတ်တမ်းများ၊ အခြားလိုအပ်သည့်မှတ်တမ်းများ၊ စာအုပ်စာတမ်းများနှင့် စာရင်းဇယား များကို စနစ်တကျထိန်းသိမ်းထားရှိရမည်။
၄၅။ ကော်မတီသည် မြေစာရင်းမှတ်တမ်းများကို သတ်မှတ်ချက်များနှင့်အညီ အများပြည်သူများအား ကြည့်ရှုခွင့်ပေးခြင်း၊ သတ်မှတ်သည့်မိတ္တူကူးခပေးဆောင်စေ၍ သက်ဆိုင်သည့်သူများကို မိတ္တူကူး ယူခွင့်ပြုခြင်းတို့ ဆောင်ရွက်နိုင်သည်။
မြေတိုင်းတာခြင်း
၄၆။ ကော်မတီသည် အစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုခု၏ လိုအပ်ချက်အရဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ဦးဦး၏ လျှောက်ထားချက်အရဖြစ်စေ၊ မြေတိုင်းတာပြီး အတည်ပြုမြေတိုင်းမြေပုံကို ထုတ်ပေးနိုင်သည်။
၄၇။ ကော်မတီ၏ခွင့်ပြုချက်အရ ဆောင်ရွက်သောမြေတိုင်းတာရေးအဖွဲ့သည် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေနှင့် ကော်မတီက မြေငှားစာချုပ်၊ လိုင်စင်၊ ပါမစ်ထုတ်ပေးထားသော မြေအတွင်းသို့သတ်မှတ်ချက်များနှင့်အညီ နေ့အချိန်တွင်ဝင်ရောက်တိုင်းတာခွင့်ရှိသည်။
အခန်း (၈)
တရားမဝင်ကျူးကျော်သည့် အဆောက်အအုံများနှင့် ကျူးကျော်သူများအား ဖယ်ရှားခြင်း
၄၈။ ကော်မတီသည် မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲရေးတို့အရ လိုအပ်ပါက ကော်မတီပိုင်မြေနှင့် ကော်မတီကစီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေများပေါ်တွင် တရားမဝင်ကျူးကျော်ဆောက်လုပ်ထားသည့် အဆောက် အအုံများကို ဖယ်ရှားခြင်း၊ တရားမဝင်ကျူးကျော်ခြင်းမပြုရန်တားမြစ်ခြင်းနှင့် တရားမဝင် ကျူးကျော်သူ များအား ဥပဒေနှင့်အညီ ဖယ်ရှားခြင်းတို့ကိုပြုလုပ်နိုင်သည်။
၄၉။ ကော်မတီသည် မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲရေးဆောင်ရွက်ရန် လွှဲပြောင်းရယူထားသော မြေများနှင့် တည်ဆဲဥပဒေများနှင့်အညီသိမ်းယူထားသောမြေများပေါ်ရှိ တရားမဝင်ကျူးကျော် ဆောက်လုပ် ထားသည့် အဆောက်အအုံများနှင့် တရားမဝင်ကျူးကျော်သူများအား ဥပဒေနှင့်အညီ ဖယ်ရှားနိုင်သည်။
၅၀။ ၂၀၁၄ ခုနှစ်၊ မန္တလေးမြို့တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ၉၀ အရ ဖွဲ့စည်းထားသည့် ဖယ်ရှား ရှင်းလင်းရေးအဖွဲ့သည် အောက်ပါလုပ်ငန်းစဉ်များကို စီမံချက်ရေးဆွဲ ဆောင်ရွက်ရမည်-
(က) အမိန့်စာလက်ခံတစ်စောင်ကို မြေပေါ်ရှိထင်ရှားသည့်နေရာတွင်ဖြစ်စေ၊ ယင်းမြေပေါ်ရှိ အဆောက် အဦ တစ်ခုခုတွင်ဖြစ်စေ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးအာဏာပိုင် တစ်ဦးဦး၏ရှေ့မှောက်၌ စွဲကပ်ရမည်။
(ခ) သတ်မှတ်သည့်အချိန်ကာလကျော်လွန်သည့်တိုင် ယင်းမြေမှဖျက်သိမ်း၊ဖယ်ရှား၊ ရှင်းလင်း၊ ထွက်ခွာ ခြင်းမရှိပါက ဖွဲ့စည်းထားသည့် ဖယ်ရှားရှင်းလင်းရေးအဖွဲ့ဖြင့် ဖယ်ရှားရှင်းလင်းနိုင်ရေးအတွက် အနီးကပ်ဆုံးအစိုးရအဖွဲ့၏ အစည်းအဝေးသို့တင်ပြ၍ လုံခြုံရေးဝန်ထမ်းများအသုံးပြုခွင့် တောင်းခံ ရမည်။
(ဂ) ဖယ်ရှားရှင်းလင်းရေးအဖွဲ့သည် ဖျက်သိမ်းဖယ်ရှားရှင်းလင်းမည့်နေရာသို့ သတ်မှတ်ချိန်ထက် ကြို တင်ရောက်ရှိပြီး ကော်မတီပိုင်မြေ၊ ကော်မတီကစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေမှ ဖျက်သိမ်းဖယ်ရှား ရှင်းလင်းထွက်ခွာရန်အချိန်သတ်မှတ်၍ အသံချဲ့စက်ဖြင့် သုံးကြိမ်သတိပေးနှိုးဆော်ရမည်။
(ဃ) သတ်မှတ်ချိန်အထိ ဖျက်သိမ်းဖယ်ရှားရှင်းလင်း ထွက်ခွာခြင်းမရှိပါက ဖယ်ရှားရှင်းလင်းရေးအဖွဲ့ က အဆိုပါမြေအတွင်း ဝင်ရောက်ဖယ်ရှားရှင်းလင်းရမည်။ ယင်းသို့ဖယ်ရှား ရှင်းလင်းရာတွင် အစိုးရပစ္စည်းမှတစ်ပါး မြေပေါ်ရှိ အခြားပစ္စည်းတစ်စုံတစ်ရာကို စနစ်တကျစာရင်းကောက်ယူ၍ သတ်မှတ်ထားသည့်နေရာသို့ သယ်ယူရွှေ့ပြောင်းပြီး စုပုံထားရှိရမည်။
(င) သက်ဆိုင်ရာအား စုပုံထားသည့်ပစ္စည်းများကို သယ်ယူရန် ရက်သတ်မှတ်ပေးပြီး သက်ဆိုင်ရာမှ ၄င်းပိုင်ပစ္စည်းများကို သယ်ယူခြင်းမပြုမီ ဖယ်ရှားရှင်းလင်းရသည့်အတွက် ကုန်ကျစရိတ်ကို သက်ဆိုင်သူကပေးဆောင်စေရန်နှင့် ပေးဆောင်ခြင်းမရှိပါက ၄င်းပစ္စည်းများကို လေလံတင်ရောင်းချ ရငွေမှ ခုနှိမ်ရယူပြီး ပိုငွေကိုသက်ဆိုင်ရာသို့ ထုတ်ပေးမည်ဖြစ်ကြောင်း၊ သတ်မှတ်ရက် ကျော်လွန်ပါက တာဝန်ယူထိန်းသိမ်းမည်မဟုတ်ကြောင်း အကြောင်းကြားရမည်။
(စ) ၄င်းမြေပေါ်တွင် နေထိုင်သူ၊ အဆောက်အဦနှင့် အခြားပစ္စည်းအရပ်ရပ်ကို ဖယ်ရှားပြီးလျှင် ကော်မတီကယင်းမြေကို လက်ရောက်ရယူပြီး ]] မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ ပိုင်မြေ မကျူးကျော်ရ၊ ကျူးကျော်သူအား တည်ဆဲဥပဒေအရ အရေးယူမည်}} ဆိုသောဆိုင်းဘုတ် စိုက်ထူ၍ မြေသိမ်းဆည်းခြင်းအား အပြီးသတ်ဆောင်ရွက်ရမည်။
၅၁။ ကော်မတီသည် ကော်မတီပိုင်မြေ၊ ကော်မတီကစီမံခန့်ခွဲပိုင်ခွင့်ရှိသည့်မြေ၊ မြေကွက်လပ်များနှင့် အရန်မြေများပေါ်တွင် တရားမဝင်ကျူးကျော်ဝင်ရောက်ခြင်းမပြုရန် သတိပေးတားမြစ်ချက် ဆိုင်းဘုတ်စိုက်ထူခြင်း၊ သင်္ကေတများထားရှိခြင်းတို့ ဆောင်ရွက်နိုင်သည်။
အခန်း (၉)
အယူခံဝင်ခြင်း
၅၂။ ဤနည်းဥပဒေများအရ ချမှတ်သောအမိန့်နှင့်စပ်လျဉ်း၍ မကျေနပ်သူသည်-
(က) ကော်မတီကချမှတ်သောအမိန့်ကို အစိုးရအဖွဲ့သို့ အမိန့်ချမှတ်ကြောင်းအကြောင်း ကြားစာလက်ခံရရှိ သည့်နေ့မှ ရက်ပေါင်း(၆၀)အတွင်း အယူခံဝင်နိုင်သည်။
(ခ) အစိုးရအဖွဲ့က ချမှတ်သောအမိန့်သည် အပြီးအပြတ်ဖြစ်စေရမည်။
တားမြစ်ချက်များ
၅၃။ မည်သူမျှကော်မတီပိုင်မြေ၊ ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသည့်မြေ၊ မြေကွက်လပ်များနှင့် အရန်မြေ များပေါ်တွင် တရားမဝင်ကျူးကျော်ဝင်ရောက်နေထိုင်ခြင်း၊ ပစ္စည်းများစုပုံခြင်း၊ စိုက်ထူထားသည့် သတိပေးတားမြစ်ချက်ဆိုင်းဘုတ်များ၊ သင်္ကေတများအား ပြောင်းရွှေ့ခြင်း၊ ဖယ်ရှားခြင်း၊ ဖျက်ဆီး ခြင်း၊ ဝင်ရောက်စိုက်ပျိုးခြင်း၊ ဝင်ရောက်တူးဆွခြင်းတို့မပြုရ။
၅၄။ မည်သူမျှကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ကော်မတီကစီမံခန့်ခွဲခွင့်ရှိသော မြေများအတွင်း မြေကွက် များအား မိမိအစီအစဉ်ဖြင့်သော်လည်းကောင်း၊ ပြင်ပရှိတရားမဝင်မြေတိုင်းများဖြင့်သော် လည်းကောင်း မြေတိုင်းတာသတ်မှတ်ခြင်းမပြုရ။
၅၅။ မည်သူမျှကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ကော်မတီက စီမံခန့်ခွဲလျက်ရှိသော မြို့နယ်ရပ်ကွက် များ၏ပြင်ပတွင်တရားမဝင်သည့် မြေပုံ၊ မြေရာဇဝင်များအား သုံးစွဲဆောင်ရွက်ခြင်းမပြုရ။
၅၆။ မည်သူမဆို ဤနည်းဥပဒေများပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်လျှင် ၂၀၁၄ ခုနှစ်၊ မန္တလေးမြို့တော်စည်ပင်သာယာရေးဥပဒေအရ အရေးယူခြင်းခံရမည်။
အခန်း (၁၀)
အထွေထွေ
၅၇။ ကော်မတီသည် မြို့တော်နယ်နိ်မိတ်အတွင်း သင့်တင့်လျောက်ပတ်စွာ အခြေကျနေထိုင် သင့်သည့် လူဦးရေကိုချင့်ချိန်လျက် သင့်လျော်သောအစီအမံများချမှတ်ဆောင်ရွက်နိုင်သည်။
၅၈။ ဤနည်းဥပဒေများပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်သည့် အကူအညီများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့အပါအဝင် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများထံမှ တောင်းခံနိုင်သည်။
၅၉။ ကော်မတီသည် ဤနည်းဥပဒေများအရဆောင်ရွက်ရန်ရှိသော လုပ်ငန်းတာဝန်များကို မိမိ လက်အောက်ရှိ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်အား လွှဲအပ်ဆောင်ရွက် စေနိုင်သည်။
၆၀။ ဌာနမှူးသည် ဤနည်းဥပဒေများအရ ဆောင်ရွက်ရန်ရှိသော လုပ်ငန်းတာဝန်များကို မိမိ လက်အောက်ရှိ သင့်လျော်သည့်ဝန်ထမ်းများအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်။
၆၁။ ကော်မတီသည် ဤနည်းဥပဒေများပါကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်သောအမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန် နိုင်သည်။